ဂျိုကာ
ငါလား
ရယ်မောခြင်းကို ရပ်တန့်မရတဲ့ ရောဂါသည်
ဦးနှောက်ပျက်နေတဲ့ မွေးစားအမေရဲ့လိမ်ညာမုသားများမှာ
စိတ်အစွဲလမ်းဖြစ်စေတဲ့ ရောင်စုံခြယ်
စာနာတတ်သူတစ်ချို့ရဲ့ ရင်တွင်းစကားတွေလည်းကြားတယ်
ငါရယ်မောခဲ့ရတယ်
အားရပါးရကို ငါရယ်မောခဲ့ပါတယ်။
ငါ့ရဲ့ ကိုယ်ပိုင်ဟာသတွေ ချပြချင်မိ
အများစုက ငကြောင်ကြီးတဲ့ အားပေးလိုက်ကြပုံများ
အမှိုက်ပုံးတွေ့တိုင်း ခြေထောက်နဲ့ပြေးကန်ရင်း
ကယောင်ကတမ်းနဲ့ အိမ်ပြန်လာခဲ့တယ်
အိမ်ရောက်တော့ ငါ့ဟာသပြဇာတ်ကို အစမ်းကျင့်
လက်ထဲကသေနတ် ကျည်ဆန်လွှတ်ခနဲထွက်
အမေကလည်း ထိတ်လန့်
အဲဒီဟာသပြဇာတ်အတွက်
ငါဟာ ဟာသပညာရှင် ဖြစ်သင့်ပါရဲ့လေ။
ငါလား
ဘယ်မသန်ဘဲနဲ့ စာကိုဘယ်နဲ့ရေးတဲ့ကောင်
စာလုံးတွေက မညီမညာနဲ့ ဟာသယောင်ဆောင်
ငါဟာ မရယ်ရလို့တဲ့ အလုပ်ဖြုတ်ခံလိုက်ရတဲ့ကောင်
ရထားစီးပြီး ပြန်လာခဲ့ရပြန်ပေါ့
ရထားပေါ်မှာလည်း သဘောကျစရာက တစ်ခုမှကိုမရှိ
ငါ အသကုန် ငါရယ်မောမိ
လူရှုပ်တွေရဲ့ ကန်ချက်တွေ ပလူပျံထတဲ့အထိ
ရယ်မောခြင်းကို ငါ ရပ်တန့်မရတော့
သိပြီ သိပြီ ငါ့သေနတ် မင်းတို့အတွက်ပါနော်
ကဲ ခုတော့ ရယ်စရာဖြစ်သွားပြီပေါ့
ကြည့်လေ မင်းတို့ရဲ့မလှုပ်မယှတ်ဖြစ်သွားပုံကိုက ရယ်စရာ။
အိုး ဟိုမှာ စာတန်းလေးတစ်ခုပါလား
Don't forget to smileဆိုပါလား
ဟာသပဲ
Forget toကို ဆော့လ်ပင်နဲ့ဖျက်စီးပစ်လိုက်တယ်
ငါက ဟာသဖန်တီးရှင်ပဲကွဲ့
ငယ်ငယ်ကဖြစ်ချင်စိတ်လေးကို
လူတွေအားရပါးရ ရယ်မောလိုက်ကြတာ မှတ်မိပေါ့
အခုတော့ ငါက ဟာသပညာရှင်ဖြစ်ခဲ့ပါပြီ
ဆိုတော့ လူတွေမဲ့ရွဲ့ကုန်ကြပြန်ရော
လုံးဝကိုမရယ်မောကြတော့
ဘယ်လိုလဲဟ..အင်း...ငါသဘောကျလိုက်ရတာ
ငါရယ်ပြီပေါ့
အားရပါးရကို ရယ်မောပစ်လိုက်မိတာပေါ့
ငါ့ရယ်တော့
လူတွေက လိုက်ရယ်မောကြပြန်တာပေါ့
ခက်တော့ခက်နေပြီပေါ့
ဘယ်လိုဟာသမျိုးက
ငါ့ကို ဟာသပြန်လုပ်နေကြပါလိမ့်နော်။
(နိူင်ငံခြား ဂျိုကာ ရုပ်ရှင်ဇာတ်ကားကို ကြည့်ရှုပြီးနောက် အတွေးပေါ်ခံစားမိခြင်း ဖြစ်ပါသည်။)
Aug8.2020
#Minsetwai
No comments:
Post a Comment