Search My Blog

Monday, August 10, 2020

နိူင်းနိူင်းစနေ၏ နှင်းဆီမြစ်နှင့်အခြားရသဝထ္ထူတိုမျာ

ကျွန်တော်အမြင်များ
နိူင်းနိူင်းစနေ၏ နှင်းဆီမြစ်နှင့်အခြားရသဝထ္ထူတိုများ

 မှန်တာပြောရရင်တော့ နိူင်းနိူင်းစနေရဲ့စာတွေကို ဖေ့ဘုတ်ပေါ်မှာတော့ ဟိုတစ်စဒီတစ်စ ဖတ်ဖြစ်ပေမယ့် သူ့စာအုပ်တွေကို ကျွန်တော်မဖတ်ဖူးပါဘူး။ တစ်နေ့ အိမ်မှာအလုပ်မရှိလို့ အားယားနေချိန် ကျွန်တော်ညီမစာအုပ်စင်ကို ကျွန်တော်သွားမွှေပါတော့တယ်။ သူ့က ဝထ္ထူစာအုပ်တွေကိုသာ အဖတ်များတဲ့သူဆိုတော့ အမြဲတစေ ကျွန်တော် သူ့စာအုပ်စင်ကို အာရုံမကျတတ်ပါဘူး။ အခုတော့ စာအုပ်ဖတ်ချင်စိတ်က အတော်ကလေးဖိစီလာတာကြောင့် နိူင်းနိူင်းစနေရဲ့နှင်းဆီမြစ်စာအုပ်ကို ယူဖတ်ဖြစ်တော့တယ်။ စာအုပ်ဖတ်ကြည့်တော့ ဝထ္ထူတိုလေးတစ်ပုဒ်ဖတ်ပြီးတိုင်း အဲဒီဝထ္ထူတိုအကြောင်းပြန်တွေးကြည့်ရင်း စိတ်ချမ်းမြေ့နေရပါတယ်။ စာအုပ်ဖတ်ပြီးသွားချိန်မှာတော့ reviewရေးချင်စိတ်ပါ တဖွားဖွားပေါ်လာရပါတော့တယ်။




 ဒီနိူင်းနိူင်းစနေရဲ့ နှင်းဆီမြစ်နှင့်အခြားရသဝထ္ထူတိုများ စာအုပ်ထဲမှာပါရှိတဲ့ ဝထ္ထူတိုလေးတွေဟာ ဖတ်လို့ကောင်းတယ်ဆိုတာထက် ချစ်စရာကောင်းတဲ့ဝထ္ထူတိုလေးတွေဆိုရင် ပိုမှန်ပါတယ်။ ဒီစာအုပ်လေးထဲက ဝထ္ထူတိုလေးတွေထဲက နှစ်ခုလောက်ကို ဖော်ပြပါရစေ။ ပထမဆုံးပြောချင်တဲ့ ဝထ္ထူတိုလေးကတော့ "သူကြွယ်နှင့်သူတောင်းစား"ဆိုတဲ့ ဝထ္ထူတိုလေးအကြောင်းပါ။ ဒီဝထ္ထူတိုထဲမှာ ပါရှိတဲ့ဇာတ်ကောင်ဟာ အင်္ဂလန်မှာနေတုန်းက ထူးဆန်းတဲ့နာမည်နဲ့ စားသောက်ဆိုင်တစ်ခုကို တွေ့ခဲ့ရပါတယ်။

(ဆိုင်နာမည်က သူကြွယ်နှင့်သူတောင်းစား ဖြစ်တယ်။ ဆိုင်အပြင်အဆင်က ရှေးကြပြီး လွန်ခဲ့တဲ့နှစ်ပေါ်င်း၂၀၀က အင်္ဂလန်ကို ပြန်ရောက်သွားသလို ခံစားရအောင် ခေတ်နောက်ပြန်ဆွဲ ပြင်ဆင်ထားတယ်။ ဆိုင်တံခါးဝ ကောင်တာမှာ အလှုခံသေတ္တာလေးတစ်လုံး ချထားတယ်။ သေတ္တာပေါ်မှာ ဆိုမာလီယာ(Somalia)အတွက်လို့ ရေးထားပြီး ဘေးမှာ လူမကြည့်ရက်တဲ့ အငတ်ဘေးကြုံနေတဲ့လူတွေရဲ့ ပိုစတာပုံတစ်ခုကပ်ထားတယ်။-pg.24)

ဒီလိုနဲ့ ဇာတ်ကောင်ဟာ ဆိုင်နာမည်ကို အတော်ကလေးစိတ်ဝင်စားနေခဲ့ပါတယ်။ ဘာကြောင့် ဒီနာမည်ပေးထားသလဲလို့ စုံစမ်းကြည့်တဲ့အခါ ဆိုင်ရှင်က သူ့ကို စိတ်ဝင်စားစရာ ပုံပြင်တစ်ပုဒ် ပြောပြခဲ့ပါတယ်။ အဲဒီပုံပြင်ဟာ လွန်ခဲ့သော နှစ်တစ်ထောင်ခန့်က အကြောင်းအရာတစ်ခုဖြစ်ပြီး ပုံပြင်ထဲမှာ မြို့စားကြီးတစ်ဦးဟာ သူရဲ့အသက်၆၀ပြည့် မွေးနေ့မတိုင်မီမှာ ပန်းချီဆရာတစ်ဦးကိုခေါ်ပြီး သူ့မိသားစုတွေနဲ့အတူ သူအိမ်ေ့ရှမှာ ပုံတူဆွဲစေခဲ့ပါတယ်။ ဒီနောက်ပိုင်း အဖြစ်အပျက်က ဒီလိုပါ။

(မွေးနေ့ပြီးတော့ မကြာခင်မှာ မြို့စားပိုင်နတ်ထဲမှာ ဝမ်းနည်းစရာအဖြစ်အပျက်တစ်ရပ် ပေါ်ခဲ့ပါတယ်။ လယ်သမားတစ်ဦးသေသွားတော့ ကျန်ခဲ့တဲ့မကျန်းမမာဇနီးဖြစ်သူက ကလေးလေးယောက်နဲ့အတူ ကိုယ့်ကိုယ်ကို အဆုံးစီရင်လိုက်တယ်။ သနားစရာကောင်းတာက လယ်သမားဇနီးဟာ ကလေးတွေစားမယ့်အစာထဲ အဆိပ်အရင်ခပ်ပြီး ကလေးတွေ သေသွားတာကိုကြည့်ပြီးမှ ကိုယ့်ကိုကိုယ် အဆုံးစီရင်လိုက်တာဖြစ်တယ်။-pg.25)

မြို့စားကြီးဟာ သူ့ဒေသမှာ ဒီဖြစ်ရပ်ဖြစ်ပေါ်ပြီးနောက်မှာတော့ စိတ်မချမ်းမမြေ့ဖြစ်လာပါတော့တယ်။ ပြီးတော့ နေ့တိုင်း ပန်းချီကားကိုပဲ ငေးစိုက်ကြည့်နေခဲ့ပါတယ်။ သူတို့မိသားစုရဲ့ ဒီပုံတူပန်းချီကားထဲမှာ သူတောင်းစားနှစ်ယောက်ဟာ မြက်ခင်းပြင်မှာထိုင်ပြီး မြို့စားကြီးတို့ဆီကို လက်ဖြန့်တောင်းနေတာကို မြို့စားကြီးဟာ မြင်တွေ့နေခဲ့ရပါတယ်။ ဒီလိုနဲ့ပဲ တစ်နေ့မှာတော့ မြို့စားကြီးဟာ အိမ်သားအားလုံးကို ခေါ်ယူစုဝေးပြီး သားစဉ်မြေးဆက် မှတ်သားလိုက်နာယူရမယ့် စကားတစ်ခွန်းကို ပြောပါတော့တယ်။ အဲဒီစကားက "သေးငယ်တဲ့ နယ်နိမိတ်အတွင်းမှာ သူကြွယ်နဲ့သူတောင်းစားအတူရှိနေတာဟာ ရှက်ဖို့ကောင်းတဲ့ အရာတစ်ခုပဲဖြစ်တယ်"လို့ပါ။ သူ့ရဲ့ သားစဉ်မြေးဆက်ဟာလည်း သူ့စကား လိုက်နာပြီး ဆင်ရဲသားတွေအပေါ် ကူညီကြည့်ရှုပေးခဲ့ကြပါတယ်။ ဒီပုံပြင်ကို နားထောင်ပြီးနောက် ဝထ္ထူဇာတ်ကောင်ဟာလည်း ပြန်ဖို့ပြင်ဆင်ချိန်မှာတော့

(ဒီတစ်ခါတော့ ကျွန်တော်နားထဲမှာ "ပန်းချီကားကို နောက်ပြန်လှည့်ကြည့်လိုက်" ဆိုတဲ့ အသံတိုးတိုးကို ကြားလိုက်မိသလိုပါပဲ။ ကျွန်တော်နောက်ပြန်လှည့်ပြီး ကြည့်လိုက်တော့ ကိုယ့်မျက်စိကိုယ်မယုံနိူင်အောင်ပါပဲ။ ပန်းချီကားထဲမှာ သူတောင်းစားနှစ်ယောက်ကို တွေ့လိုက်မိတယ်။ မျက်စိကိုပွတ်ပြီး ကျွန်တော် အနီးကပ်သေချာထပ်ကြည့်လိုက်မိတယ်။ တကယ်ပဲ အဝတ်အစား စုတ်စုတ်ပြတ်ပြတ်နဲ့ သူတောင်းစားနှစ်ယောက်ကို တွေ့လိုက်မိပါတယ်။ -pg.27)

ဒီလိုတွေ့လိုက်တဲ့နောက် သူဘအသေအကြေကို စဉ်းစားပါတော့တယ်။ ဒီပန်းချီကားထဲမှာ သူတောင်းစားနျေစ်ယောက်ဟာ ဘာလို့ပါနေရပါသလဲ။ ပန်းချီးဆရာဟာ သူ့သဘောနဲ့သူတော့ မြို့စားကြီးမိသားစုပန်းချီကားထဲ သူတောင်းစားတွေကို ထည့်ဆွဲရဲမှာ မဟုတ်ပါဘူး။ နောက်ဆုံး ဘယ်လိုမှအဖြေရှာမရတဲ့နောက် သူ ဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာ ချလိုက်ပါတော့တယ်။ အဲဒါက

(ရုတ်တရက် ကျွန်တော် သဘောပေါက်နားလည်လိုက်ပါတယ်။ ပန်းချီးကားထဲမှာ သူတောင်းစားပုံ ပါတယ် မပါဘူးဆိုတာ အရေးမကြီးပါဘူး။ အရေးကြီးတာ သိထားဖို့က "သေးငယ်တဲ့ နယ်နိမိတ်အတွင်းမှာ သူကြွယ်နဲ့သူတောင်းစား အတူတကွ ရှိနေတာဟာ ရှက်ဖို့ကောင်းတဲ့ အရာတစ်ခုပဲ") ဆိုတဲ့ အချက်ကိုပါပဲ။

ကျွန်တော်တို့ နိူင်ငံမှာလည်း အရမ်းချမ်းသာတဲ့ လူတန်းစားတွေရှိသလို အရမ်းဆင်ရဲတဲ့ လူတန်းစားတွေလည်း ရှိပါတယ်။ တချို့မိသားစုတွေဆို ထမင်းတောင် မနပ်မှန်တာမျိုးတွေ၊ သားသမီးနေမကောင်းလို့ ဆေးလေးတောင် ဝယ်မတိုက်နိူင်တာတွေ ၊ စသဖြင့် ဒုက္ခမျိုးစုံနဲ့ လူဆင်းရဲတွေအများကြီးပါ။ ဒါကြောင့် ကျွန်တော်တို့နိူင်ငံထဲမှာလည်း ဒီလိုလူဆင်းရဲတွေ ရှိနေတာဟာ လူချမ်းသာတွေအတွက် အရှက်ရစရာတစ်ခုပဲလို့ ကျွန်တော်လည်း တွေးတောမိပါတယ်။ လူချမ်းသာတွေဟာ သူတို့အနီးအနားမှာရှိတဲ့ လူဆင်းရဲတွေအပေါ် စာနာနားလည်မူနဲ့ ကူညီပေးကြမယ်ဆိုရင်ဖြင့် ကျွန်တော်တို့နိူင်ငံထဲမှာရှိတဲ့ လူဆင်းရဲတွေဟာ အများကြီးမဟုတ်တောင် လေးပုံတစ်ပုံလောက် လျော့ကြသွားနိူင်တယ်လို့ ကျွန်တော်လည်း တွေးမိပါတယ်။ ဒါက ဒီဝထ္ထူတိုလေးကပေးတဲ့ အမြင်ပါပဲ။
#Minsetwai

No comments:

Featured Post

ကဗျာဟူသည်

poetry ကဗျာဟူသည် ကဗျာဆိုသည်မှာ မိမိရောက်နေသောခေတ် အသက်ရှင်နေသောခေတ်၏အတွေးအခေါ်များကို အခြေခံ၍ သက်ရောက်မှုအများဆုံးရှိသော ခံစားမှုကို ဖန်တီးပ...