သင်းကွဲ၏အပ်ဖျားများ...
ငါက သင်းကွဲတစ်ကောင်ပါ လီယိုနက္ခတ်နဲ့ ကောင်မလေးရေ။ ငါလိုသင်းကွဲရဲ့ အထီးကျန်ဆန်ဆန် လမ်းတွေကိုမှ မင်းရဲ့နားလည်ခြင်းတွေက မနက်ခင်းအသစ်စက်စက်တွေလိုမျိုး အနားမှာ ဖူးပွင့်လိုဝေဆာပြနေတာ ငါအံသြရလွန်းတဲ့အရာပဲပေါ့။ ဒီအတွက်ကိုပဲ၊ ငါ စိုးရိမ်ပူပန်နေမိတာပါ။ ငါရဲ့ တွယ်တာမူထဲမှာ မင်းလည်း ထိခိုက်ဒဏ်ရာ မဖြစ်စေရအောင် ငါဘယ်လိုနေထိုင်ဖြစ်တည်နေသင့်သလဲလို့ ငါကိုယ်တိုင် ပြန်စဉ်းစားနေခဲ့ရသူပါ ။
လီယိုနက္ခတ်နဲ့ ကောင်မလေးရေ..
တကယ်တော့...ငါ့ဘဝမှာ လိုအပ်တာတွေ အများကြီးရှိနေတာကို မင်းရိပ်စားမိသေးသလား။ ငါက လိုချင်တာ တစ်ခုကို ဇွတ်အတင်းကြိုးစားလေလေ ငါပဲ အမှန်တရားနဲ့ဝေးလေလေ ဖြစ်ခဲ့ရတဲ့ကောင်မျိုးပါ။ ဒါပေမယ့် လောကမှာ တစ်ချို့တစ်ဝက်ကိုတော့ ငါ မှတ်သားဖြစ်ခဲ့မိပါတယ်။ ပြီးတော့ အချစ်မေတ္တာဆိုတာ နှစ်သက်မြတ်နိူးဖွယ်ကောင်းတဲ့ စကားဖြစ်သလို လူတွေ ပေါ့ပေါ့တန်တန်သုံးစွဲတဲ့ စကားလည်း ဖြစ်တယ်လို့ ဆရာဦးအေးမောင်ရဲ့ စိတ်ပညာနှင့်ကိုယ်ကျင့်တရားစာအုပ်မှာလည်း ဖတ်ခဲ့ရပြန်သေးတယ်။ ငါနဲ့ဝေးနေတဲ့ အမှန်တရားကို ငါမတောင့်တလိုသော်လည်း ငါတော့ ချစ်ခြင်းမေတ္တာနဲ့ပတ်သက်တဲ့စကားမျိုးကိုတော့ ပေါ့ပေါ့တန်တန် မပြောဆိုတတ်တာ အမှန်ပါ။ အဲဒါကပဲ ငါရဲ့ဗီဇလို့ ဆိုနိူင်ပါတယ်လေ။
မင်းတော့ ငါလို အထီးကျန်ဆန်တဲ့ သင်းကွဲမဖြစ်နိူင်တာ ငါ့မသိစိတ်ထဲထိ အရိုးစွဲနေသလိုကို မြင်ရပါတယ် လီယိုနက္ခတ်နဲ့ ကောင်မလေးရယ်။ ငါနဲ့လူတွေကြားမှာ အရမ်းခက်ခဲတဲ့ကိစ္စကတော့ လတစ်ဦးတစ်ယောက် ယုံကြည်လာစေဖို့အတွက် ယုံကြည်အောင်လုပ်ပြဖို့ဆန္ဒငါ့မှာခေါင်းပါးနေခြင်းပါပဲ။ သူတို့အနေနဲ့ င့ါကို မုန်းမယ်ဆိုလည်း တစ်ဖက်ကမ်းခတ် ရောက်အောင်မုန်းနေပါစေ။ ငါ့အနား မနေချင်လို ထွက်သွားကြမယ်ဆိုရင်လည်း ပြန်လှည့်မလာနိူင်လောက်တဲ့ထိ အဝေးတကာ့ အဝေးဆုံးရောက်အောင် သွားနေကြပါစေ။ ငါတော့ဖြင့် ငါ့ကိုယုံကြည်လာအောင် ဘယ်တော့မှ မလုပ်ပြတတ်တဲ့ကောင်ပါပဲကွယ်။ ဒါဟာ သင်းကွဲတစ်ကောင်ရဲ့ တစ်လွဲမာနလို့ မင်း ယူဆလို့ ရပါတယ်။ ဒါပေမယ့် ငါ့အထီးကျန်ခြင်းတွေနဲ့တော့ မင်းညကို သံယောဇဉ် မဖြစ်ထွန်းစေချင်မိဘူးကွယ်။ ငါ ဘာကိုဆိုလိုမှန်း မင်းသိမှာပါ လီယိုမလေးရယ်။
ငါဟာ လူငယ်လေးတစ်ယောက်ဘဝကို ကျော်လွန်းလာခဲ့တာ အတော်ကိုကြာပြီပေါ့ လီယိုမလေးရယ်။ ငယ်စဉ်ကတည်းကတော့ မနက်ခင်းတိုင်းမှာ အပူအပင်မဲ့စွာနိူးထလာပြီး ဘဝကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းသွားဖို့သာ ငါတွေးနေခဲ့တာပါ။ အခုချိန်မှာတော့ ငါ့အတွက် လူငယ်ဘဝတုန်းက ယုံကြည်မူတွေကို ပြန်လည် တည်ဆောက်ဖို့ဆိုတာ အတော်ကိုမှ ခက်ခဲတဲ့အရာဖြစ်လာခဲ့ပြီလေ။ ငါ့အမှားတွေကို အတတ်နိူင်ဆုံးတော့ ရေစုန်မျှောကြည့်မိပါသေးတယ်။ လုံးဝ ပကတိမသန့်စင်ရင်တောင် အကောင်းဆုံး ထဲက တစ်ခုခုလောက်လေး မျှော်လင့်ရင်း မိမိကိုယ်မိမိ အာမခံချက်လေး တစ်ခုကို ငါရှာတွေ့လို့ ရှာတွေ့ငြားနဲ့ပေါ့။ ဒါပေမယ့်လည်း ငါ့ဘဝက အချိန်တွေ ကြာမြင့်သွားတဲ့ထိအောင် ဘာမှ ထူးထူးခြားခြားမရှိလာခဲ့သလို ခမ်းခမ်းနားနားလည်း ဘာမှ ထပ်မံ မဖြစ်ပေါ်လာတော့ပါဘူး။
လီယိုနက္ခတ်နဲ့ ကောင်မလေးရေ
ခွင့်လွှတ်ခြင်းဆိုတာက အချစ်ရဲ့ နောက်ဆုံးသရုပ်ပဲတဲ့။
Forgiveness is the final form of love.
-Reinhold Niebuhr(1892-1971)
မင်းက ငါ့ကို ဘယ်လောက်ကြာကြာ အကောင်းမြင်နိူင်မှာမို့လဲကွယ်။ အဖြေမရှိ..အဖြေမသိရတဲ့ လူတစ်ယောက်ရဲ့ ရင်ဘတ်ထဲမှာ လူငယ်တစ်ယောက်လို အပူအပင် ကင်းပစ်လိုက်ချင်တဲ့ အတ္တတွေဟာ အရိုးစွဲစေခဲ့ပေမယ့်လည်း ငါ့ရဲ့ဟန်ဆောင်မူတိုင်းဟာ.. တကယ်တော့ ရေရှည်မခံခဲ့တာ အမှန်ပဲပေါ့။ မင်းနဲ့တွေ့တဲ့အခါမှာတော့ ငါခံစားရတာက ရေငတ်နေတဲ့ လူတစ်ယောက် ရေတွင်းကြီးထဲ ပြုတ်ကျသွားသလိုမျိုးကို ခံစားရတယ်။ ငါ့ဘဝမှာ ရေငတ်ခဲ့တဲ့ရက်တွေကို လက်ချိုးရေကြည့်လိုက်တဲ့အခါ သက္ကရာဇ်မနည်းခဲ့ဘူးပဲလေ။ အခု ရေတွေ့ရလို့ ငါ ပျော်ပါတယ်။ အားရဝမ်းသာနဲ့ ခပ်ဖို့ ကြိုးစားချိန်မှာ ရေတွင်းထဲ ငါလိုအမှိုက် ပြုတ်ကျသွားရင် ဘယ်လိုလုပ်မလဲကွယ်။ ဒါကြောင့် မင်းဘက်ကကြည့်မြင်ရင်တော့ ငါဟာ ကြက်ခြေခတ်ကိုခေါ်င်းခုအိပ်၊ မရေရာခြင်းကို လက်မှာကိုင်စွဲလို့ မသေချာခြင်းနဲ့ပေါ်င်းသင်းပြီး လမ်းလျှောတ်ထွက်တတ်တဲ့လူလို့ မြင်မှာပဲ။ အခု ပြန်တည်ဆောက်လိုက်တဲ့ ငါ့အခြေအနေမှာ အသစ်ချွတ်ချွတ် စိတ်အသစ်တွေလည်း ရှိမနေခဲ့ပါဘူး။ ငါ့ အဟောင်းသက်သက်ကသာ ပူးပေါ်င်းပါဝင်လာခဲ့ပြီး မင်းခံစားကြည့်ဖို့ အကောင်းဆုံးအရာ ငါ့မှာ မရှိသလောက်ရှားပါတယ် လီယိုလေးရေ။ ဒါကြောင့် အတိတ်လက်ထဲမှာပဲ ငါ့ဘဝနဲ့ ငါ့ဘာသာ ရှိနေပါစေတော့ကွယ်။ မင်းလည်း မင်းအနာဂတ်နဲ့မင်း သစ်လွင်ဖူးပွင့်ပါစေတော့။
Jan1.2021
Minsetwai
ညကဗျာနှင့်အထီးကျန်အက်ဆေးများ-4
No comments:
Post a Comment